မိုင်းယောင်း မေ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း သာသနာ့ဗိမ္မာန်တော်၌ ယမန်နေ့က နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
ဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိစိတ္တသာရထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ ဇောတိက ဘဒ္ဒန္တ ဘဒ္ဒိယနှင့် ဆရာတော်များက နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် ပတ်သက်၍ ဩဝါဒကထာများ မြွက်ကြားချီးမြှင့်တော်မူကြသည်။
ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့်တာဝန်ရှိသူများက တတိယအဆင့်၊ ဒုတိယအဆင့်နှင့် အခြေခံအဆင့်တို့တွင် အဆင့်အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါသင်တန်းကို မြို့နယ်သာသနာပြုဆရာတော်များကကြီးမှူးပြီး သင်တန်းသား၊ သင်တန်းသူ ၆၃ ဦးဖြင့် မတ် ၁၆ ရက်မှ မေ ၃ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း