လှိုင်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူများ တွေ့ဆုံပွဲကျင်းပ

လှိုင် မေ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ လှိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယ‌နေ့ နံနက်(၁၀)နာရီအချိန်က ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တင့်က လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဒေသ ဖွံ့ဖြိုးတိုးတက် လုပ်ငန်းများအတွက် ဒေသခံပြည်သူများက လိုအပ်သည်များကို တင်ပြဆွေးနွေးကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ဒေသခံပြည်သူများက လိုအပ်ချက်များကို တင်ပြဆောင်ရွက်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် ပြည်သူများ စုစုပေါင်း ၆၅ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)