ရန်ကုန် ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၁) ပြဌာန်းချက်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးပြင်ဆင်သည့် ဥပဒေများနှင့်အညီ အသစ်ပြန်လည်ရွေးချယ် ရာတွင် ကြီးကြပ်ရေး အဖွဲ့ အဖွဲ့ဝင်များ ရွေးချယ်နိုင်ရေးအတွက် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ ပါဝင်သည့် ရွေးချယ်ရေး အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သီရိဇေယျနော်ရထာခန်းမ၌ ပြုလုပ်သည့် အစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး က မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ပါဝင်သော ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်း တာဝန် ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက မြို့နယ်အတွင်း ဖွဲ့စည်း တာဝန်ပေးခြင်းခံရသည့် ကြီးကြပ်ရေးအဖွဲ့ (၅) ဦး ပါဝင်သည့် ရွေးချယ်ရေးအဖွဲ့ (၆) ဖွဲ့၏ လုပ်ငန်းတာဝန်များကို ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများက အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ယမန်နေ့က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် စာရေး ဝန်ထမ်းများကို ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးနှင့် ပတ်သက်၍ ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းတာဝန်များအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး အတွက် ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်ဆောင်ရွက်မည့် ရပ်မိ/ရပ်ဖ ၅ ဦးအား ရွေးချယ်နိုင်ရေး အတွက် အသိပညာပေးခြင်း ဆောင်ရွက်ရန်၊ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ရန် ရပ်မိ/ရပ်ဖ ၅ ဦးကို ကြီးကြပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်နိုင် ရေး အတွက် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အတွင်း ရွေးချယ်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ပြန်လည်တင်ပြဆောင်ရွက်သွားရန်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်သူ အိမ်ထောင်စု ကိုယ်စားလှယ်များမှ ပွင့်လင်းမြင်သာစွာဖြင့် အများဆန္ဒနှင့်အညီ ကြီးကြပ်ရေးအဖွဲ့အား စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ်ရန် တို့ဖြစ်ကြောင်းသိရသည်။
နိုင်လင်းကျော်(IPRD)