သန်လျင်မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ် ဦးစီးမှူးရုံးမှ    ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အသက်(၁၀)နှစ် မှ (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ပြီး UID (Unique Identification Number) မကောက်ယူရသေးသည့် ပြည်သူများအား မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောင်းကုန်းဆိပ်ကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ဂျမား)တွင် အခြေပြု၍ ကျောင်းသား/သူများနှင့် ကျေးရွာနေပြည်သူများအား မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်နှင့်အဖွဲ့မှ လာရောက်ကြည့်ရှုအားပေးရာ သန်လျင်မြို့နယ်ဦးစီးမှူး ဦးဇွဲမင်းဦးက လုပ်ငန်းများဆောင်ရွက်ပုံ အဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသပြီး အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်ပေးခြင်းများကို  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်းစိစစ်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)