ဒေါပုံ ဧပြီ ၃၀
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်လျက်ရှိသည့် အင်္ဂလိပ်စာ သင်တန်းသို့ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက လာရောက်ကာ လိုအပ်သည်များကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မတ်လ ၆ ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိသည့် အင်္ဂလိပ်စာ သင်တန်းကို တစ်ပတ်လျှင် (၃) ရက် ဖွင့်လှစ် သင်ကြားဆောင်ရွက်လျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတို့က တက်ရောက်သင်ယူလျက် ရှိပါသည်။ အဆိုပါ သင်တန်းသို့ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးနှင့်အဖွဲ့ဝင်များက လာရောက်၍ သင်တန်းသား၊ သင်တန်းသူများအတွက် တီရှပ်အင်္ကျီများ အခမဲ့ပေးခြင်းနှင့် သင်တန်းဆရာမ ဒေါ်သင်းသင်းလှိုင်အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးတိုးပွားစေရန် ရည်ရွယ်၍ ပြသဆောင်ရွက်ထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ညိမ်း(ပြန်/ဆက်)