ရန်ကုန် ဧပြီ ၃၀
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက်အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ပိုင်းက ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ပွဲရုံတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က တွံတေးခရိုင်အသင်းနှင့် အလုံ ခရိုင်အသင်းတို့၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ဘော်လီဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် တာဝန်ယူခဲ့သော ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများ၊ အမျိုးသမီးနှင့် အမျိုးသားပြိုင်ပွဲတို့တွင် နေရာ အလိုက် အကောင်းဆုံးဆုများဖြစ်သည့် စပေးဘောဆု၊ ပင့်ထောင်ဆု၊ ဆယ်မဆု၊ ပိတ်ဆို့ဆုနှင့် ရိုက်ခုတ်ဆု၊ အမျိုးသမီးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသည့် မင်္ဂလာဒုံခရိုင်အသင်းမှ ဇင်မာမြင့်၊ အမျိုးသားပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစား သမားဆုရရှိသည့် အလုံခရိုင်အသင်းမှ ရဲရင့်အောင်၊ အမျိုးသမီးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် လှည်ကူးခရိုင်အသင်း၊ အမျိုးသားပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် မရမ်းကုန်းခရိုင်အသင်း၊ အမျိုးသမီး ပြိုင်ပွဲတွင် တတိယဆုရရှိသည့် တွံတေးခရိုင်အသင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသည့် မင်္ဂလာဒုံခရိုင်အသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အလုံခရိုင်အသင်းနှင့် အမျိုးသား ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တွံတေးခရိုင်အသင်းတို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ခဲ့ကြ သည်။
ယင်းနောက် ဘော်လီဘော အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မင်္ဂလာဒုံခရိုင်အသင်းနှင့် အမျိုး သားပြိုင်ပွဲတွင် ပထမဆုရရှိသည့် အလုံခရိုင်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုဖလားတို့အား အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)