ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၂)သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် ဧပြီ ၃၀

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိနယ်မြေခံသင်တန်းကျောင်းတွင်ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ နယ်မြေခံ သင်တန်း ကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းအုပ်ကြီးအား သင်တန်းသားတပ်ခွဲများက အလေးပြုကာ ဆက်လက်၍ နိုင်ငံတော် အလံကို အလေးပြုပြီး သင်တန်းသားများက ကတိသစ္စာ​ပြု ကျမ်းသစ္စာဆို​​ကြ​သည်။

ထို့နောက် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ် ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်းပထမဆု၊ ချေမှုန်းရေးပထမဆု၊ အကောင်းဆုံးအိပ်ဆောင် ဆုရရှိသူများကို ကျောင်းအုပ်ကြီးက ဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်​ကြီးက သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက သင်တန်းသားများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး သင်တန်းဆင်းတပ်ခွဲများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဂုဏ်ပြုချီးမြှင့်ငွေ များကို ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား(၄၄၃)ဦးအား ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြ ဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာ ဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်မှုဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကို သင်ကြားပို့ချခဲ့ ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)