ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် အခမ်းအနားတက်ရောက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ မေ ၃

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် ဧပြီလနောက်ဆုံး ရက်သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများနည်းတူ ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား၏ ဆောင်ပုဒ်မှာ “For every generation, vaccines work” ဖြစ်ပြီး “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား”ဟု ဘာသာပြန်ဆိုထားကြောင်း၊ ယနေ့အထိမ်းအမှတ်အခမ်းအနား ဆောင်ရွက်ရသည့် အဓိကရည်ရွယ်ချက်မှာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး ပြည်သူလူထုအားလုံးကို ကာကွယ်ဆေးဖြင့် တားဆီးပေးနိုင်သည်ဆိုသည့် အသိပညာကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ထားရှိခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းသည် ကူးစက်မြန်ရောဂါများ မဖြစ်ပွားရန်၊ ၎င်းရောဂါများကြောင့် သေဆုံးရခြင်းများကို ကာကွယ်နိုင်ရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို မဖြစ်ပွားစေရန်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက် (၂)ရပ်ဖြစ်သော လူတိုင်းသက်တမ်းစေ့ အသက်ရှည်နေထိုင်နိုင်ရေး၊ လူတိုင်းရောဂါဘယကင်းရှင်းရေးကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေကြောင်း၊ နိုင်ငံတော်သမ္မတ၏ ရက်ပေါင်း(၁၀၀)စီမံချက်ကာလအတွင်း ကာကွယ်ဆေးထိုးလုပ်ငန်း ပါရှိလာသညကို ဂုဏ်ယူဖွယ်တွေ့ရှိရပြီး ရခိုင်ပြည်နယ်အနေဖြင့် ပုံမှန်တိုချဲ့ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြောင်းလဲလာသည့် မူဝါဒများနှင့်အညီ ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်အထိ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုမရှိသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အရေးကြီးသည့်အတွက် ယခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် တိုက်တွန်ပြောကြားလိုကြောင်း၊ ထို့ပြင် နိုင်ငံတော်အစိုးရအသစ်ကာလတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်သည့်အခါတွင် ကျန်းမာရေးသည် အရေးကြီးသည့်ကဏ္ဍအဖြစ် ပါဝင်လာခြင်းကြောင့် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်မည့် လုပ်ငန်းများနှင့်အတူ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျိုးဆက်တိုင်းအတွက် တန်းဖိုးကြီးသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ပေးလျက်ရှိသည့် ဆက်စပ်ဌာနများနှင့်  မိတ်ဖက်အဖွဲ့အစည်းများကို မှတ်တမ်းတင်ကျေးဇူးတင်ရှိကြောင်းနှင့် အနာဂတ်၏မျိုးဆက်တိုင်းကို အကာအကွယ်ပေးနိုင်ရန် ဝိုင်းဝန်းကြိုပမ်းပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား Documentary Story အားလည်းကောင်း၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား တေးသီချင်းဗီဒီယိုအားလည်းကောင်း ပြသခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် အသက် (၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လက်မချေ-သာယာကုန်း-ကိုးဆောင် ရွာသွားလမ်းအတွင်း လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ ရာသီမရွေးသွားလာ နိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျစေတနာထားကာ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်္ဂနက်ကျေးရွာသွားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် အဆိုပါလမ်းပေါ်ရှိ ကွန်ကရစ်ရေနှုတ်မြောင်းများအား ပြန်လည်ပြုပြင်နိုင်ရန်အတွက် သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက္ကေပြင်-မော်သီညာ ကျေးရွာသွားလမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်နီပြင်-အောင်ဒိုင်ကျေးရွာသွားလမ်းတွင် ကျောက်စီနံရံပြုလုပ်မည့် အစီအမံများအားလည်းကောင်း၊ ဇောပူဂျာကျေးရွာသွားလမ်းတွင် ကျောက်စီနံရံပြုလုပ်မည် နေရာများအားလည်းကောင်း၊ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည် အောင်ဒိုင်ချောင်းကူးတံတားကို ဘေလီသံဘောင် ဆောက်လုပ်ထားရှိအားလည်းကောင်း သွားရောက်ကြည့်ရှုကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် လမ်းရေရှည်တည့်တံ့ခိုင်မြဲရေးအတွက် စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျက်တောပြင်-အောင်ဒိုင် ကျေးရွာချင်းဆက်လမ်းအတွင်း ကျောက်စီနံရံပြုလုပ်မည့် နေရာများအားလည်းကောင်း၊ မှန်စီ-ဘောဒူဖ-အုန်းတောကြီး-အုန်းတောချလမ်းအတွင်း ဆက်လက်ဆောင်ရွက်ရမည့် လမ်းပိုင်းအားလည်းကောင်း၊ ဘုမေ-အုန်းတော ကျေးရွာသွားလမ်းအား မြေသားတာဘောင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် လမ်းပိုင်းအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းအတိုင်း စနစ်တကျ စေတနာထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)