မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ စုပေါင်းကြဲပက်ပွဲအခမ်းအနားသို့တက်ရောက်

ချမ်းအေးသာစံ မေ ၃

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက တံတားဦးမြို့နယ် စကားအင်းကျေးရွာတွင် စိုက်ပျိုးတောင်သူများအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇ (ပိုက်ဆံလျှော်) မျိုးစေ့များ စုပေါင်းကြဲပက်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ စိုက်ပျိုးတောင်သူများအား တိုင်းဒေသကြီးစိုက်ပျိုးဦးစီးဌာနမှ တာဝန်ရှိသူကမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ကြဲပက် ရခြင်း၏ရည်ရွယ်ချက်များ၊ သစ်စိမ်းမြေဩဇာကျွေးခြင်းဖြင့် မြေဆီလွှာ၏ဂုဏ်သတ္တိများကို ပြုပြင်ပြောင်းလဲခြင်း၊ မြေတွင်းသစ်ဆွေးဓာတ်များစွာ တိုးတက်စေခြင်း၊ အကျိုးပြုအဏုဇီဝများ တိုးပွားစေခြင်းနှင့် မြေဆီလွှာ၏ ချဉ်ငံကိန်းကိုလည်း ထိန်းထားပေးခြင်းစသည့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ၂၀၂၆ ခုနှစ် တံတားဦးမြို့နယ်၏ လအလိုက်မိုးရွာသွန်းမှု၊ မိုးသီးနှံစိုက်ပျိုး ထုတ်လုပ်ထွက်ရှိမှု၊ မိုးအဓိကသီးနှံ(၁၀)မျိုး၏စိုက်ပျိုးထွက်ရှိမှု၊ မိုးသီးနှံများ၏ ပန်းတိုင်စိုက်ပျိုးထွက်ရှိမှုတို့၏ အခြေအနေများနှင့်လျာထားချက်များ၊ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးနှင့် ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ အောင်မြင်အောင်အလေးထားကာ အကောင်အထည်ဖော် ဆောင်ရွက်သွားရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို တောင်သူများထံ ပေးအပ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက တောင်သူဦးဘိုစိုး၏ စိုက်ခင်းတွင် တောင်သူများနှင့်အတူ သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကို စုပေါင်းကြဲပက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချမ်းမြေ့မောင်