တာချီလိတ် မေ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့က တာချီလိတ်ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်းဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာချီလိတ်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက မီးသတ်ဦးစီးမှူးရုံးအရှေ့တွင် နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်ပိုစတာ စိုက်ထူခဲ့ကြပြီး ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် (၉)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂)ဦး၊ စုစုပေါင်း (၁၁)ဦးတို့က ခရိုင်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ရာ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဝင်းနိုင်နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတို့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးပြီး သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းသွေးလှူဒါန်းကြသည်။
ထို့နောက် ခရိုင်မီးသတ်တပ်ဖွဲ့များ၊ မြို့နယ်သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မော်မော်ခိုင် ဦးဆောင်သော မိသားစုဝင်များ စုစုပေါင်း (၉၆)ဦးတို့က ဘိုးဘွားရိပ်သာအတွင်းရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များ၊ ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များရှင်းလင်းခြင်းနှင့် ရေအိမ်သာများအား သန့်စင်ဆေးကြောခြင်းများ စုပေါင်းလုပ်အားဒါနပြု ဆောင်ရွက်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးလှမင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းထက်အောင်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)