မိုင်းဆတ်မြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် မေ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အစိုးရရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ခြံဖျန်းပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မေ ၃ ရက် နံနက် ၉ နာရီခွဲက မယ်နင်ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမိုးဇော်ဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယတို့က ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်က စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍လည်းကောင်း အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစောထက်ဝင်းက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူများအား ကြက်၊ ဝက်၊ ကျွဲနှင့်နွားများ ဖြန့်ဖြူးပေးဆောင်ရွက်ပေးနေမှု၊ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးနေမှု၊ ရက် (၁၀၀) စီမံချက်ကာလအတွင်း ဒေသကြက်များ ဖြန့်ဖြူးဆောင်ရွက်ပေးမည့် အခြေအနေနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ခြံဖျန်းပိုးသတ်ဆေးများ ထောက်ပံ့ပေးမည့်အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ခြံဖျန်းပိုးသတ်ဆေးများကို တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းအင်ခမ်းနှင့် ကျေးရွာ သူကြီးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)