ကျိုင်းလပ် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နယ်စပ်ဒေသ ကျိုင်းလပ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နယ်စပ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၁၅၈ ဒဿမ ၇၀၀ သန်းဖြင့် ကျိုင်းလပ်မြို့ ဝမ်ကျင်း- ကျခမ်းဆောင်- ကျခမ်းတဲ ကျေးရွာချင်းဆက်လမ်း (၁/၆)မိုင် အနက် (၁/၁)မိုင် ကျောက်ချောလမ်းခင်းခြင်းကို King Light ကုမ္မဏီမှ တာဝန်ယူအကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်း ခင်းကျင်းနေမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီး လှဦးနှင့် အဖွဲ့ဝင်များ သည် လမ်းများခင်းကျင်း ဆောင်ရွက်နေမှုအား လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့ ဝမ်ကျင်း-ကျခမ်းဆောင်-ကျခမ်းတဲ ကျေးရွာချင်းဆက်လမ်း ကျောက်ချော လမ်း ပြီးစီးသွားပါက နယ်စပ်ဒေသတိုင်းရင်းသား ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုများ အချိန်တိုအတွင်း အဆင်ပြေချောမွေ့ လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်ကြောင်းနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)