တွံတေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

တွံ​တေး မေ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရေတွင်းကုန်းကျေးရွာအုပ်စုရှိ မိဘပြည်သူများအား မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တွံတေးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးပိုင်ဆက်ဟန် (မြို့နယ်ဦးစီးမှူး-ယာယီ)က အနီးကပ်ကြီးကြပ်၍ လဝကမှူး ဒေါ်အေးအေးခိုင်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများပါဝင်သောအဖွဲ့က ကျေးရွာအတွင်းရှိ အသက်(၁၀)နှစ်မှ (၁၈)နှစ်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကွင်းဆင်းရာတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက် ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)