ကျောက်တန်းမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်တန်း  ဇန်နဝါရီ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မြို့နယ် စာကြည့်တိုက် ကြီးကြပ်မှု ကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမြင့်ငွေက အဖွင့်အမှာစကား ပြောကြားရာ၌ မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုးလာစေရန်အတွက် မြို့နယ် စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီ က အနီးကပ်ကြီးကြပ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်ကော်မတီဝင်များ တွေ့ဆုံပြီး ဆောင်ရွက်မည့်လုပ်ငန်း စဉ်များကို ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပြီး  မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက  ဆွေးနွေး တင်ပြရာတွင် ကျောက်တန်းမြို့နယ်အတွင်းတွင် အမှန် ရှင်သန်သည့် စာကြည့်တိုက်  ကျေးရွာ(၂၈)တိုက်နှင့် ရပ်ကွက်(၃)တိုက်၊ ပေါင်း (၃၁) ဖြစ်ပါကြောင်း၊ ၎င်းစာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုးရေး အတွက် မြို့နယ်စာကြည့် တိုက် ကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ပါကြောင်း ၊ ရပ်ကွက်/ကျေးရွာ စာကြည့် တိုက်များအား မှတ်ပုံတင်နိုင်ရေးနှင့် ဒုတိယအကြိမ် အစည်းအဝေးတွင် ရပ်ကွက်/ ကျေးရွာစာကြည့်တိုက် ကော်မတီဝင် များပါ ဖိတ်ကြား တွေ့ဆုံညှိနှိုင်းမည် ဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းလတ်က ဆွေးနွေးရာတွင်  မြေပြင်အမှန်အနေအထားများကို မြို့နယ် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင်များက ကွင်းဆင်း ကြည့်ရှုရန် လိုအပ်မည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များ၏ လိုအပ်ချက် များကို သိရှိရန်လိုအပ်ပါကြောင်း၊ စာကြည့်တိုက်တွင် စာအုပ်စာစောင် ထိန်းသိမ်းထားသိုနည်းများကိုလည်း ကျေးရွာ စာကြည့်တိုက်မှူးများအား မျှဝေရန်လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များ ရေရှည် ဖွံ့ဖြိုးခြင်းသည် စာကြည့်တိုက် တာဝန်ခံများ ပေါ်တွင် များစွာမူတည်ပါကြောင်း ဆွေးနွေး ပြောကြားရာ တက်ရောက်လာကြသည့်  ကော်မတီဝင်များကလည်း လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမြင့်ငွေနှင့် ကော်မတီဝင်များ၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)