မြစ်သားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမွေးမြူသူများအား အသိပညာပေးခြင်းနှင့် နွားများအား ကာကွယ်ဆေးထိုးနှံပေး

မြစ်သား မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာများသို့သွားရောက်၍ နွားမွေးမြူသည့် တောင်သူများအား အသိပညာပေးဟောပြောခြင်း၊ ဒေသနွားနှင့် နို့စားနွားများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ မေလ ၁ ရက် နှင့် ၂ ရက်နေ့နတို့တွင် နွားလျှာရိုးကျေးရွာ အုပ်စုနှင့် နွားကူးလေးကျေးရွာအုပ်စုတို့တွင် ထိုးနှံပေးပြီးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်လျက်ရှိရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဇာနည်ဇော်နှင့်ဝန်ထမ်းများက ဒေသနွားနှင့် နို့စားနွားများတွင် ဖြစ်ပွားတတ်သောရောဂါများ အကြောင်းအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့်  အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း လည်ချောင်းကွဲကာကွယ်ဆေး ၁၂၀၀ ကောင်၊ ပေါင်ပုတ် လက်ပုတ်ကာကွယ်ဆေး ၄၃၀၀ ကောင်၊ ဒေါင့်သန်းကာကွယ်ဆေး ၂၃၀၀ ကောင်တို အား မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုစုစုပေါင်း  ၁၄အုပ်စုတို့၌ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ နွားလျှာရိုးကျေးရွာအုပ်စုနှင့် နွားကူးလေးကျေးရွာအုပ်စုတို့တွင် နွားကောင်ရေ ၈၀၀ ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသောကျေးရွာများသို့လည်း သွားရောက်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဝါဝါမြင့်(မြစ်သား)