မိုင်းယောင်းမြို့၌ ပိဋကသုံးပုံစာအုပ်လှူဒါန်းမှု အလှူမင်္ဂလာအခမ်းအနားကျင်းပ

မိုင်းယောင်း မေ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်)ကျောင်း၌ ယမန်နေ့က ပိဋကသုံးပုံစာအုပ်လှူဒါန်းမှု အလှူမင်္ဂလာအခမ်းအနား ကျင်းပသည်။

ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက ပိဋကသုံးပုံစာအုပ်လှူဒါန်းမှုနှင့်ပတ်သက်၍ လျှောက်ထားပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇဋိလထံ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များက ပိဋကစာအုပ်များ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီက အလှူရှင်မိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်) ကျောင်းဆရာတော်က ရေစက်ချ အနုမောဒနာတရား ချီးမြှင့်တော်မူပြီး လှူဒါန်းမှုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

စိုင်းအောင်ဇော်လင်း