လယ်ဝေး မေ ၃
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီဌာနအနေဖြင့် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အသားကဏ္ဍစားသုံးမှု ဖူလုံစေရေးအတွက်ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍတိုးတက်လာစေရန် ရက် ၁၀၀ စီမံချက်အနေဖြင့် ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း လုပ်ငန်းစဉ်(၅) ရပ်အား အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယင်းလုပ်ငန်းစဉ်များတွင် ကျွဲ၊ နွားရောဂါကာကွယ်ဆေးများဖြစ်သည့် လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး၊ ဒေါင့်သန်းရောဂါကာကွယ် ဆေး၊ ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း၊ နို့စားနွား မေထုန်မဲ့သားစပ်လုပ်ငန်းများဆောင်ရွက်ခြင်းလုပ်ငန်းများ ပါဝင်ပါသည်။
အဆိုပါလုပ်ငန်းစဉ်များအနက် ကျွဲနွားရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား မေ ၁ ရက်နေ့တွင် လယ်ဝေးမြို့နယ်ရှိ ရေအိုးစဉ်ကျေးရွာ၊ သစ်ဆိမ့်ပင်ကျေးရွာ၊ စည်ပိုင်းကျေးရွာတို့တွင် ကျွဲနွားကောင်ရေ (၂၁၄)ကောင်အား ဌာန၏ လုပ်ငန်းကြီးကြပ်မှုအဖွဲ့နှင့် တိရစ္ဆာန် ကျန်းမာရေးလုပ်သားအဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)