နမ့်ဆန် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပို့ချခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ် သည်။
ထိုသို့ပြုလုပ်ရာတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးတင့်ကျော်လွင်က အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြုလုပ်ဆောင်ရွက် သွားနိုင်ဖို့ အတွက် ရပ်ကွက်/ကျေးရွာစာရေးများနှင့် ဌာနဆိုင်ရာများတို့က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း ဆိုင်ရာ ဉပဒေ၊ နည်းဥပဒေများတို့ကို သိရှိထားဖို့လိုအပ် ကြောင်း ထို့အတူ ဌာနဆိုင်ရာများမှလည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေချယ်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ဖို့ ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများတို့က အကြံပြုဆွေးနွေးသွားခဲ့သည်။
နမ့်ဆန်မြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၇)အုပ်စုရှိပြီး တတိယအကြိမ် အစိုးရ သက်တမ်းသစ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်ကို ဥပဒေ၊ နည်းဥပဒေအတိုင်း ရွေးချယ် တင်မြှောက်ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)