ကျောက်ပန်းတောင်းမြို့နယ် ပေါက်သစ်ကျေးရွာ၌ ရွာလယ်လမ်း ကွန်ကရစ်လမ်းခင်းရန်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကျောက်ပန်းတောင်း မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်တောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို၊ မေ ၂ ရက်နေ့ နံနက် ၉ နာရီခွဲက ရွာလုကျေးရွာအုပ်စု ပေါက်သစ်ကျေးရွာ ဒေသခံပြည်သူတစ်ဦး၏ နေအိမ်တွင် ပြုလုပ်ခဲ့သည်။

အစိုးရသစ်၏ ရက် (၁၀၀) စီမံချက် လုပ်ငန်းစဉ်အရ၊ ပေါက်သစ်ကျေးရွာတွင် ရွာလယ်ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင်(FPTT)၊ ဦးနေလင်း (PR) တို့သည်၊ ပေါက်သစ်ကျေးရွာ ရွာဦးကျောင်း ဆရာတော်ဦးဥတ္တရနှင့် သံဃာတော်များ၊ ကျေးရွာ ရပ်မိရပ်ဖ ဦးအေးကြည်နှင့် ကျေးရွာပြည်သူ ၅၀ ဦးတို့အား တွေ့ဆုံ၍ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။ ထိုသို့ပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က လွှတ်တော်အတွေ့အကြုံများကို ဦးစွာရှင်းလင်းပြောကြားပြီး၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် ရွာလယ်မြေသားလမ်းမကြီးအား ကွန်ကရစ်လမ်းခင်းနိုင်ရေး ဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်သည့်အတွက် ကျေးရွာပြည်သူများအနေဖြင့်လည်း လိုအပ်သည့်နေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ရွာဦးကျောင်းဆရာတော်နှင့် ရပ်မိရပ်ဖများက အရှည်ပေ ၁၃၀၀ ခန့်ရှိ ရွာလယ်မြေသားလမ်းအား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ လမ်းအရှည် ၁၃၀၀ ပေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကျေးရွာပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် ပြီးစီးအောင်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)