ပြင်ဦးလွင်မြို့နယ်၌ Cherry Trail Run 2026 (Pyin Oo Lwin) ပြိုင်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင် မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် RUNderful Myanmar Group (Yangon) MARS Running Group (Mandalay)နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အားကစားသမားဟောင်းများ လူမှုရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် Cherry Trail Run 2026 (Pyin Oo Lwin)  ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီ ၃၀ အချိန်က အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့် RUNderful Myanmar Group (Yangon) MARS Running Group (Mandalay)နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အားကစားသမားဟောင်းများ လူမှုရေးအသင်းတို့မှ တာဝန်ရှိသူတို့က အလံချိုး၍ ပြိုင်ပွဲဝင် ကစားသမားများအား တာလွတ်ပေးခဲ့သည်။

ပြိုင်ပွဲတွင် ၃၆ ကီလိုမီတာ အမျိုးသားပြိုင်ပွဲ၀င်(၂၂၈)ဦးနှင့် အမျိုးသမီးပြိုင်ပွဲ၀င် (၆၇) ဦး၊ ၁၆ ကီလိုမီတာ အမျိုးသားပြိုင်ပွဲ၀င် (၄၁၁) ဦးနှင့် အမျိုးသမီးပြိုင်ပွဲ၀င် (၂၄၀) ဦး၊ Foreigner (နိုင်ငံခြားသား) ပြိုင်ပွဲ၀င် (၁၁) ဦး စုစုပေါင်း (၉၅၇) ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ၃၆ ကီလိုမီတာပြိုင်ပွဲတွင် ဆုရပြိုင်ပွဲ၀င်များအား ပထမဆု (၁၀) သိန်း၊ ဒုတိယဆု (၇) သိန်းနှင့် တတိယဆု (၅) သိန်းတို့အားလည်းကောင်း၊ ၁၆ ကီလိုမီတာပြိုင်ပွဲတွင် ဆုရပြိုင်ပွဲ၀င်များအား ပထမဆု (၅) သိန်း၊ ဒုတိယဆု (၃) သိန်းနှင့် တတိယဆု (၂) သိန်းတို့အား တာဝန်ရှိသူ အသီးသီးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး၀င်းဇော်၊ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်အဖွဲ့၀င်များ၊ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)