ပူတာအို မေ ၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးဖွင့်လှစ်သော ရဝမ်လူမျိုးများ၏ရှေးဟောင်းအနုပညာ ရိုးရာအကသင်တန်းဆင်းပွဲအခမ်းအနားကို မေ (၂) ရက် နံနက် (၁၁) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးဖုန်ရိမင်က သင်တန်း ဆင်းအမှာစကားပြောကြားပြီး မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဒခွမ်ဇိန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးဒိန်ခန်ဒူဆင်က သင်တန်းဖွင့်လှစ်ခဲ့မှုနှင့် ပတ်သက်၍ အားနည်းချက် အားသာချက်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဒခွမ်ဇိန်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြများ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြပြီး နည်းပြများနှင့် သင်တန်းသားသင်တန်းသူများက သင်တန်းတွင် သင်ကြားခဲ့သော ရဝမ်လူမျိုးများ၏ ရိုးရာအကလေးမျိုးကို ကပြဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါသင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိပူတာအို၊ နောင်မွန်း၊ ပန်နန်းဒင်မြို့နယ် ရပ်ကွက်/ကျေးရွာ များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၁) ဦးတို့အား ဧပြီ (၂၇) ရက်မှ မေလ (၂) ရက်နေ့အထိ သင်တန်း နည်းပြများက ရဝမ်လူမျိုးများ၏ရိုးရာအကဖြစ်သည့် Pvhaq Lvm (ပဟလာမ်အက) ဝမ်းမြောက်ဝမ်းသာ စိတ်ပျော်ရွင်၌ကရသောအက၊ Pvma Lvm(ဖမာလာမ် အက) ပွဲလမ်းသဘင်၌ ကရသောအက၊ Vzi Lvm (အဇီးလာမ်အက) မနောအက၊ Bonglut (ပုံလွတ်အက) ဝမ်းနည်းပူဆွေးမည့်အစား ရိုးရာအကဖြင့် နူတ်ဆက်ခြင်း အကစသည့် ရိုးရာအကလေးမျိုးမျိုးကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)