လွိုင်လင်မြို့ အ.ထ.က(၃)ကျောင်း၌ ကျောင်းသား/ကျောင်းသူဟောင်းများ၏ ဒုတိယအကြိမ် အာစရိယပူဇော်ပွဲ ကျင်းပ

လွိုင်လင် မေ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ အ.ထ.က(၃)ကျောင်း၌ ကျောင်းသား/ကျောင်းသူဟောင်းများ၏ ဒုတိယအကြိမ် အာစရိယပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပါသည်။

အခမ်းအနားသို့ ကန်တော့ခံ အငြိမ်းစား ဆရာကြီး/ဆရာမကြီးများ၊ ရပ်နီးရပ်ဝေးမှ ကျောင်းသား/ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။ ဦးစွာ အခမ်းအနားကို ကျောင်းသား/ကျောင်းသူဟောင်းများမှ မြတ်ဆရာသီချင်း ပြိုင်တူသီဆို၍ ဖွင့်လှစ်ပါသည်။ ထို့နောက် ကျောင်းသားဟောင်းတစ်ဦးမှ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို ရှင်းလင်ပြောကြားပြီး ဆရာကြီး/ဆရာမကြီးများကို “အာစရိယဂုဏံအဟံဝန္ဒာမိ” အစချီကန်တော့ချိုးဖြင့် ကန်တော့ကြသည်။ ထို့နောက် ဆရာကြီး/ဆရာမကြီးများအား ကန်တော့ငွေနှင့် အမှတ်တရပစ္စည်းများကို ကျောင်းသား/သူဟောင်းများမှ လက်ဝယ်အရောက် ကန်တော့ကြသည်။ ဆက်လက်၍ ဆရာကြီးတစ်ဦးနှင့် ဆရာမကြီးတစ်ဦးတို့က အမှတ်တရအမှာစကား ပြောကြားပေးကြသည်။ ထို့နောက် အ.ထ.က(၃)ကျောင်းအတွက် လှူဒါန်းငွေကို ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ဒေါက်တာ ဇော်လင်းက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် မြတ်ဆရာပူဇော်ပွဲ ပထမအကြိမ်၏ ငွေစာရင်းရှင်းတမ်းများ ဖတ်ကြားပြီးနောက် အမှတ်တရဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ဆရာကြီး/ဆရာမကြီးများနှင့် ဧည့်ပရိတ်သတ်များ နေ့လည်စာကို အတူတစ်ကွ သုံးဆောင်ခဲ့ကြသည်။ ထို့နောက် ညနေ (၆)နာရီတွင် ရပ်ကွက်(၃)ရှိ မွှေးခန်းမ၌ မိတ်ဆုံညစာစားပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား/ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲတွင် အသက်(၇၀)နှစ်အထက် ဆရာကြီး/ဆရာမကြီးများအား တစ်ဦးလျှင် ငွေကျပ် (၅)သိန်းနှုန်းဖြင့်လည်းကောင်း၊ အသက် (၇၀)အောက် တစ်ဦးလျှင် ငွေကျပ် (၄)သိန်းနှုန်းဖြင့်လည်းကောင်း၊ အသက်(၆၀)ပြည့်ပြီး တာဝန်ထမ်းဆောင်ဆဲ ဆရာ/ဆရာမများကို တစ်ဦးလျှင် ငွေကျပ် (၃)သိန်းနှုန်ဖြင့်လည်းကောင်း ကန်တော့ခံဆရာကြီး ဆရာမကြီး (၅၈)ဦးအတွက် ကန်တော့ငွေ (၂၇၈)သိန်းကျော် ပူဇော်ကန်တော့ခဲ့ကြသည်။ အာစရိယပူဖော်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် အဝေးရောက် ဆရာကြီး/ဆရာမကြီးများကို အွန်လိုင်း‌ငွေလွှဲစနစ်ဖြင့် ကန်တော့ငွေများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး