ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံ၊ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်၊ စစ်တွေမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ မေ ၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတိုက်၌ စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ စုရပ်များတွင် နေထိုင်ကြသော ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားကာ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းသည့် ပိုက်ဆံလျှော် (သစ်ဆိမ်းမြေဩဇာ) စုပေါင်းကြဲပက်ခြင်း ကွင်းပြပွဲ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြခြင်းနှင့် တောင်သူများသို့ ပိုက်ဆံလျှော်မျိုးစေ့ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်အဖွဲ့သည် စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ အဆိုပါကျောင်းတိုက် ဓမ္မာရုံ၌ စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစုရပ်များတွင် နေထိုင်ကြသော ပြည်သူများနှင့်တွေ့ဆုံပြီး ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် အခြေခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာများ တိုးမြှင့်ပေးအပ်နိုင်ရေး စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ မြို့နေပြည်သူများအေးအေးချမ်းချမ်းဖြင့် လုပ်ကိုင်နေထိုင် စားသောက်နိုင်ရေး အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ ရိုးသားသော အစဉ်အလာများနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းကာ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်း၍ ရိုးရိုးသားသားဖြင့် ကျော်လွှားနိုင်အောင် နေထိုင်သွားကြစေလို ကြောင်း၊ ယာယီနေရပ်စွန့်ခွာစခန်းများတွင် နေထိုင်ကြသော ကလေးငယ်များ စာသင်ခန်းသို့ ရောက်ရှိကာ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ၏ ပညာရေးမြင့်မားရေးအတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အခြေခံပညာအလယ်တန်းအဆင့်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များ သင်ကြားပေးနိုင်ရေး၊ KG+9 အခမဲ့ပညာရေးစနစ်ကို နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များကို စာနာစိတ်ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ယာယီနေရပ်စွန့်ခွာ စုရပ်များတွင် နေထိုင်ကြသူများ စုရပ်များအတွင်း လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမျိုးသန့်ခြံ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)စုပေါင်းကြဲပက်ခြင်း ကွင်းပြပွဲ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းလက်တွေ့ သရုပ်ပြခြင်းနှင့် တောင်သူများသို့ ပိုက်ဆံလျှော်မျိုးစေ့ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်ရရှိနိုင်သည့်အတွက် တောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို အသုံးပြုစိုက်ပျိုးရန်လိုအပ်ကြောင်း၊ ထို့ပြင် ပန်းတိုင်းအထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းကို အခြေခံပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်လာခြင်းနှင့် လေလွင့်ဆုံးရှုံးမှု နည်းစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်သုံးစွဲမည့် စနစ်များ ဆောင်ရွက်နိုင်ရန်နှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေဩဇာ ထည့်သွင်း ခြင်း၊ အီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲခြင်း၊ စူပါဘိုကာရှီပြုလုပ်သုံးစွဲမည့် စနစ်များကို တောင်သူများသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ယခုကွင်းပြပွဲတွင် သရုပ်ပြပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စစ်တွေမျိုးသန့်ခြံတွင် မြေယာပြုပြင်မှု လုပ်ငန်းများနှင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်အား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများအား ပိုက်ဆံ လျှော်မျိုးစေ့များ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြခြင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ စုပေါင်းကြဲပက် ခြင်းအား ကွင်းဆင်းကြည့်ရှုအားပေးသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စစ်တွေမြို့နယ်၊ မှန်စီကျေးရွာသွားလမ်းပေါ်တွင် တံတားလုပ်ငန်းဆောင်ရွက်မည့် နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ ၁ ရက်နေ့ညနေပိုင်းက စစ်တွေမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်အဖွဲ့သည် စစ်တွေ-ပလ္လင်ပြင်လမ်းပိုင်းအတွင်း မြေသား တာဘောင်တင်ခြင်း၊ ကျောက်ခင်းခြင်းနှင့် ၁၂ ပေအကျယ်၊ ထု ၇ လက်မ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်မည့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါလမ်းပေါ်ရှိ ကွန်ကရစ်ရေနှုတ်မြောင်းများ တည်ဆောက်ပြီးစီးနေမှုအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက္ကေပြင်ကျေးရွာလမ်းအား အဆင့်မြှင့်တင် ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ကျောက်ခေါင်း-ရေချမ်းပြင်လမ်းပေါ်တွင် လမ်းပုခုံးများ ပြန်လည်ပြုပြင်ခြင်းနှင့် ကတ္တရာလမ်းပြုပြင်ခြင်း လုပ်ငန်းများပြီးစီးနေမှုအားလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေ-မင်းဂံ-သင်္ဘောဆိပ်လမ်းတွင် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြကြောင်းသတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)