တန့်ယန်း မေ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှအသိပညာပေးခြင်း၊ တိရစ္ဆာန်များ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က တိရစ္ဆာန်အစာနှင့်ဆေး အရောင်းဆိုင်များအားကြည့်ရှု၍ အသိပညာပေးခြင်းနှင့်မွေးမြူရေးခြံသို့ ကွင်းဆင်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တိရစ္ဆာန်အစာနှင့်ဆေး အရောင်းဆိုင်များအား သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူကွင်းဆင်း၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာပြည့်ဖြိုးအောင်နှင့် တာဝန်ရှိသူတို့က မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေး ရှင်းလင်းပြောကြားကာ ခွင့်ပြုလက်မှတ်လျှောက်ထားနိုင်ရန်အတွက်လည်းကောင်း၊ နောင်ပစ်ကျေးရွာရှိ နို့စားနွားမွေးမြူရေးခြံသို့ ကွင်းဆင်းကာ နို့စားနွားများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းတို့အား လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)