ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ တက်ရောက်

တောင်ကြီး  မေ   ၂

ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး‌ ဒေါ်နန်းခမ်းလူသည် မေလ(၂)ရက်နေ့ မနက်ပိုင်းက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရှမ်းပြည်နယ်ရုံး၊ တောင်ကြီးခရိုင်ရုံးမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့‌ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုများနှင့် အနီးကပ်ဆုံးထိတွေ့ရသည့်ဌာနဖြစ်သည့်အတွက် ပြည်သူလူထုအား အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့်  ပြည်သူလူထုအကြား ပေါင်းကူးတံတားသဖွယ်ဖြစ်သည့် ပြန်ကြားရေးလုပ်ငန်းများ၊ အသိပညာ ပေးလုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများကိုလည်း အစဉ်တစိုက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်သူများအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ယင်းနောက် တက်ရောက်လာကြသော ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်ကြရာ ပြည်နယ်ဝန်ကြီးက ရင်းရင်းနှီးနှီးပြန်လည်နှုတ်ဆက်၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် လူထုအခြေပြုဗဟိုဌာန Community Centre (တောင်ကြီး)ရုံးရှိ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ ပြည်သူ့စာကြည့်တိုက်၊ ပြည်နယ်ရုံးခန်း၊ ခရိုင်ရုံးခန်း၊အစည်းဝေးခန်းမ၊ကွန်ပျူတာခန်း၊ အားကစားခန်းမ၊သင်တန်းခန်းမနှင့် ဘက်စုံသုံးခန်းမ များကို လည့်လှည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူး၏ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)