ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့တွင်းမိန်းလမ်းမများ စိမ်းလန်းစိုပြေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား မေ ၂

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ယပ်ပြီး မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပလာစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လူထုပူးပေါင်းပါဝင်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြို့သန့်ရှင်းသာယာလှပရေးအပြင် မြို့ပေါ်ရေဝပ်သည့် ရပ်ကွက်များတွင် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့ပေါ်ရှိ ရှမ်းစုတောင်၊ အေးစေတီ၊ အောင်နန်း၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ခေမာသီရိ၊ ကျွန်းပင်သာရပ်ကွက်များကို ဖြတ်သန်းပြီး ရေကြည်ချောင်းမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သော အရှည် ၁၅၄၀၀ ‌‌ပေ၊ အကျယ် ၅ ပေရှိ ကျောက်စီရေနှုတ်မြောင်းဖြစ်သည့် အမှတ် (၄) ပင်မရေနှုတ်မြောင်းအား ရမ်ပူရပ်ကွက်အတွင်း လမ်းသွယ် ၁၃ မှ လမ်းသွယ် ၂၄ အကြား စည်ပင်သာယာ‌ရေးအဖွဲ့မှ လူအား၊ ယန္တရားအင်အားတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား အမှိုက်စွန့်ပစ်ခြင်းမရှိစေရေး ပူးပေါင်းပါဝင်ကြရန်၊ မြို့ပေါ်ရေနှုတ်မြောင်းများအားလုံး ရှင်းလင်းဆောင်ရွက်နိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျ ကွင်းဆင်းစစ်ဆေး၍ ရေနှုတ်မြောင်းကျဲ့နိုင်သည့်နေရာများအား စီမံချက်ရေးဆွဲတင်ပြနိုင်ရေး မှာကြားခဲ့ကာ လမ်းသွယ် ၁၃ လီဆူစာပေနှင့်ယဉ်ကျေးမှုကွင်းရှေ့၌ ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကမ်းနားလမ်း၌ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ IMF ပြည်နယ်လူငယ်မိဿဟာယ အသင်းမှ စေတနာ့ဝန်ထမ်းလူငယ်များ၊ မြို့ပေါ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား လူငယ်များစုပေါင်း၍ Cleaning Campaign အဖြစ် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်း‌ရေး လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်သို့ သွားရောက်ပါဝင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်များအား သန့်ရှင်းရေးလုပ်ငန်းတွင် ယခုလို ပူးပေါင်းပါဝင်လာကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ တစ်ဦးတစ်ယောက်မှစ၍ သန့်ရှင်းသော မြို့/ ရွာ၊ ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရေး ယခုလို ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြ‌ရန်လိုကြောင်း အားပေးပြောကြားကာ လူငယ်မိဿ ဟာယအဖွဲ့အတွက် ချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို ပေးအပ်ခဲ့ပြီး We Love Myitkyina ဆိုင်းဘုတ်မှ ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဝိုင်းမော်မြို့သို့ သွားရောက်ပြီး နန့်မြစ်ခချောင်းတံတားမှ မြို့ဝင်ဆိုင်းဘုတ် နေရာအထိနှင့် အမှတ် (၁၊ ၂) ရပ်ကွက်များအတွင်း မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များစုပေါင်း၍ လမ်းဘေးဝဲ/ယာ တစ်လျှောက် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်း ပါဝင်ဆောင်ရွက်ပေးကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ထို့နောက် ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ပြီး ရုံးဝင်းအတွင်းရှိ ပျိုးဥယျာဉ်ခြံ၌ မြို့စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးသွားမည့် အလှပန်းပင်များနှင့် အရိပ်ရပန်းပွင့်သည့် အပင်ကြီးမျိုးများ ပြုစုပျိုးထောင်ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းသုံးယာဉ်၊ ယန္တရားများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့သာယာလှပရေးအတွက် အစွမ်းကုန်အားထည့်ဆောင်ရွက်ကြရေးနှင့် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် အလေးအနက်ထား စည်းရုံးဆောင်ရွက်‌ရေးမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စာရင်းစစ်ချုပ်တို့သည် မြစ်ကြီးနား ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ နှစ် (၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်/ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သွေးလှူဒါန်းပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးလှူဒါန်းနိုင်ရေး ကူညီဆောင်ရွက်ပေးနေမှုများနှင့် သွေးလှူရှင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူရှင်များအတွက် အာဟာရဖြည့်စွက် အစား အစာများကို လိုက်လံပေးအပ်ခဲ့ကြကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီကလည်း ပြည်နယ်ဝန်ကြီးများ၊ စည်ပင်သာယာ‌ရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အညီ မြစ်ကြီးနားမြို့တွင်းရှိ ပြည်သူ များဆုံး သွား/လာလျက်ရှိသည့် မိန်းလမ်းမများ ဘေးဝဲ/ယာတို့တွင်ပန်းများဖြင့် ဝေဆာလှပစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ရေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အောင်ဆန်းလမ်းနှင့် ရုံးကြီးလမ်းမီးပွိုင့်မှတစ်ဆင့် အောင်ဆန်းလမ်းတစ်လျှောက်နှင့် ဆမားလမ်းတို့ရှိ လမ်းဘေးဝဲ/ ယာတို့တွင် ရေနှုတ်မြောင်းများတူးဖော်ပြီး မြေဖို့ဆောင်ရွက်ထားသည့်အပေါ် လမ်းဧရိယာနှင့် ကားများစနစ်တကျ ရပ်နားနိုင်ရေး၊ လမ်းနယ်တွင်ပါဝင်သည့် သစ်ပင်ကြီးများ ရှင်းလင်းဖယ်ရှားနိုင်ရေး၊ သစ်ပင်ငယ်များ ရွေ့ပြောင်းစိုက်ပျိုးနိုင်ရေး၊ လျှပ်စစ်မီးတိုင်များနှင့် ဆက်သွယ်ရေးကြိုးလိုင်းများ စနစ်တကျ ပြင်ဆင်သွယ်တန်းနိုင်ရေး၊ လမ်းတစ်လျှောက်ရှိ အန္တရာယ်ရှိ အပင်အိုကြီးများ အကိုင်းချိုင်အလင်းဖွင့်ခြင်းများ ဆောင်ရွက်နိုင်ရေး၊ ဆမားလမ်း ကတ္တရာအပေါက်များ ဖြစ်ပေါ်နေမှုအား အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ရုံးကြီးလမ်းနှင့် သခင်နက်ဖေလမ်းဒေါင့် မီးပွိုင့်နေရာမှ မြို့တော်ခန်းမအထိ လမ်းဝဲဘက်တစ်လျှောက်တွင် သစ်ပင်များ ရွေ့ပြောင်းစိုက်ပျိုး၍ မြေယာရှုခင်းပြုပြင်ကာ အလှပန်းပင်များ ဖြင့် ဝေဆာလှပအောင် ပြုပြင်ဆောင်ရွက်နိုင်ရေး၊ မြို့တော်ခန်းမအတွင်း မြေယာရှုခင်းပြုပြင်ခြင်း လုပ်ငန်းများနှင့် ညာဘက်အခြမ်းတွင် ကားပါကင်စနစ်တကျ ဆောင်ရွက်နိုင်ရေး စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ မီးရထားသံလမ်းကူးနေရာနှင့် သမိုင်းဝင်အံတော်ရှင်ဘုရားအုတ်တံတိုင်းနေရာရှိ မီးရထားသံလမ်းနယ်အတွင်း အမှိုက်များနှင့် သစ်ပင်ခြုံ နွယ်များအား ရှင်းလင်းဆောင်ရွက်နိုင်ရေးနှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စည်ပင်သာယာရေးအဖွဲ့က လမ်းလယ်ကျွန်းများရှိ သစ်ပင်များ သစ်ကိုင်းချိုင်အလင်းဖွင့်ခြင်းလုပ်ငန်းများ ပြီးစီး အောင်ဆောင်ရွက်နိုင်ရေးနှင့် လမ်းလယ်ကျွန်းဖြတ်နေရာများတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်ကြောပိတ်စို့မှုမရှိစေရေး လမ်းလယ်ကျွန်းများချိတ်ဆက်၍ စက္ကူပန်းပင်များ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)