မောက်မယ် မေ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိကျောင်းကြီးစာသင် တိုက်၌ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၄)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော်အခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီက စတင်ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသောဆရာတော် သံဃာတော်အရှင်သူမြတ်များ နှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့အခမ်းအနားဖွင့်လှစ်ကာ မြို့နယ်သံဃနာယကဆရာတော် ထီဟံခွီးကျောင်းဆရာတော် အရှင်ဓမ္မသာမိထံ ငါးပါးသီလခံယူ၍ သြဝါဒကထာမြွက်ကြားတော်မူပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းချမ်းခိုင်က သာသနာရေး ဆိုင်ရာကိစ္စရပ်များလျှောက်ထားသည်။
အဆိုပါစာပွဲတော်တွင် မြို့နယ်အတွင်းမှ ရေးဖြေရှင်သာမဏေ(၆၆)ပါးနှင့် အာဂုံဆောင်နုတ်ဖြေ ရှင်သာမဏေ(၁၃၂)ပါးက ဘာသာရပ်များအလိုက် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ကြီးကြပ်ဆရာတော် (၅၄)ပါးနှင့် စာဖြေရှင်သာမဏေများ အဆင်ပြေစေရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များတို့က ဆွမ်းဘောဇဉ်များကို နေ့စဉ်ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
စာပွဲတော်ကိုမေလ ၂ရက်နေ့မှ ၇ရက်နေ့အထိ မွန်းတည့် ၁၂နာရီမှညနေ၃နာရီအထိ ၆ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် ပထမနေ့အဖြစ် ဖြေဆိုမည်ဖြစ်ပြီး မေလ ၇ ရက်နေ့၌ စာအောင်ရှင်သာမဏေများအား စာအောင်လက်မှတ်များကို ဆုနှင်းသဘင်ဖြင့်ချီးမြှင့်ဆက်ကပ်သွား မည်ဖြစ်ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)