တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး စုပေါင်းသွေးလှူဒါန်းနေမှုနှင့် ဆေးဝါးကုသနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး ဘုန်းတော်ကြီးကျောင်းများ၌ လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို လှူဒါန်း

ထားဝယ်         မေ              ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စုပေါင်းသွေးလှူဒါန်းနေမှုနှင့် ဆေးဝါးကုသနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး ဘုန်းတော်ကြီးကျောင်းများ၌ လိုအပ်လျက်ရှိသော လှူဘွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။

ဦးစွာမေလ ၅ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမှတ်(၁၂) တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)၌ လိုအပ်လျက်ရှိသောသွေးများကို တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီး/   ခရိုင်/ မြို့နယ်သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး အားဖြည့်ဆေးဝါးများနှင့် အာဟာရဖြည့်အစားအစာများကို ပေးအပ်သည်။

ဆက်လက်၍အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ် မှုကြောင့် အမှတ် (၁၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) ၌ အပြစ်မဲ့ပြည်သူများနှင့် တပ်မတော်သား များ ဆေးဝါးကုသမှုခံယူလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တစ်ဦးချင်း၏ ထိခိုက် ဒဏ်ရာ ရရှိမှုအခြေအနေ၊ ဆေးဝါးကုသပေးထားမှုနှင့် ဆေးကုသနေမှုအခြေအနေများကို ကြည့်ရှု မေးမြန်း၍ အားပေးစကားပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးရုံတွင်ဆေးကုသမှုခံနေသူများ အားကြည့်ရှုမေးမြန်း၍ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးကာ ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က မဟာသိဒ္ဓိမာရ်အောင်ထန်းတောကျောင်းနှင့် ဝေယျာစံလွှတ်ဘုန်းတော်ကြီး ကျောင်းများ၌ လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို လှူဒါန်းပြီး ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားသည်။

ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်ကြီးများထံမှ ငါးပါးသီလနှင့် ဩဝါဒကထာစကားနာယူ ကြည်ညိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လှူဖွယ်ဝတ္ထုငွေနှင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ဆား၊ငရုတ်ကြမ်း စသည်တို့ကို ဆရာတော်ကြီးများထံ လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက်  အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)