ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ (တတိယ)အဆင့် အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက် ကြည့်ရှုအားပေး

တောင်ကြီး     မေ      ၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ (တတိယ)အဆင့် အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ယမန်နေ့ မွန်းလွဲ(၁၁)နာရီအချိန်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးသည် အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကလေးငယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး၍ စားသောက်ဖွယ်ရာများပေးအပ်ပြီး ပရဟိတဂေဟာအတွက် အလှူငွေကျပ် (၅)သိန်းအား လှူဒါန်းရာ ပရဟိတဂေဟာမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး မှတ်တမ်းတင်ဂုဏ်ပြုလက်မှတ် ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ပရဟိတဂေဟာအတွင်းရှိ ကလေးငယ်များ၏ အိမ်ခန်းဆောင်နှင့် စားဖိုဆောင်တို့အား လှည့်လည်ကြည့်ရှုရာ ဂေဟာမှတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ ဆရာတော် ‌ဒေါက်တာဘဒ္ဒန္တဓမ္မသာမိအား ဖူးမြော် ကြည်ညို၍ ပရိယတ္တိဆိုင်ရာများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ပါရန် လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)