ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင် မြစ်ကြီးနားမြို့တွင်းရှိ ပင်မရေနှုတ်မြောင်း အမှတ် (၄) ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မေ ၂

လာမည့် မိုးရာသီကာလအတွင်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင်းရှိ ရေဝပ်နိုင် သည့်နေရာများတွင် အဓိက ဖောက်လုပ်ထားသော ပင်မရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန် ရေးနှင့် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း ဖြတ်သန်းသော အမှတ်(၄) ပင်မရေနှုတ်မြောင်း ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုး၊ စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများနှင့်အတူ ရမ်ပူရပ်ကွက် လမ်းသွယ် ၂၀ နှင့် ၂၄ ကြားတွင် အမှတ်(၄)ရေနှုတ်မြောင်း မကြီးအား စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ရေစီးရေလာကောင်းမွန်ရေး၊ မြောင်းသွယ်များ ကောင်းမွန်စွာ စီးဝင်နိုင်ရေး အမှိုက်၊ သဲနှုန်းများနှင့် သစ်ပင်ငယ်များ ရှင်းလင်းဖယ်ရှားနေမှုကို လည်းကောင်း၊ အဆိုပါရပ်ကွက် လီဆူစာပေနှင့်ယဉ်ကျေးမှုကွင်းအတွင်း ရှင်းလင်းဆောင်ရွက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက အဓိက ပင်မရေနှုတ်မြောင်းများအား မိုးမကျမီ ရေစီးရေလာကောင်းမွန်အောင် ရှင်းလင်းဆောင်ရွက်ကြရေး၊ အဓိက ရေဝပ်တင်ကျန်သည့် ရပ်ကွက်များတွင် ရေမြောင်းသွယ်များ အပါအဝင် ပင်မရေထုတ်မြောင်းမကြီးများအား အပိုင်းလိုက်၊ ရပ်ကွက်အလိုက် စနစ်တကျ ရှင်းလင်း ဆောင်ရွက်နိုင်ရေးနှင့် ရေနှုတ်မြောင်းများအတွင်း အမှိုက်စွန့်ပစ်မှုမရှိစေရေး ရပ်ကွက်နေပြည်သူများအား မေတ္တာရပ်ခံညှိနှိုင်းစည်းရုံးသွားကြရေး စည်ပင်သာယာရေးအဖွဲ့၊ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့များအကြား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းကလည်း အဆိုပါ အမှတ် (၄)ရေနှုတ် မြောင်းရေစီး ရေလာကောင်းမွန်ရေးအတွက် လီဆူစာပေနှင့်ယဉ်ကျေးမှုကွင်းအတွင်း စက်ယန္တရားများ၊ လူအင်အားဖြင့် ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ အမှတ် (၄) ပင်မရေနှုတ်မြောင်းသည် မြစ်ကြီးနားမြို့ရှိ ရှမ်းစုတောင်၊ အေးစေတီ၊ အောင်နန်း၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ခေမာသီရိ၊ ကျွန်းပင်သာ ရပ်ကွက်များကို ဖြတ်သန်းပြီး ရေကြည် ချောင်းမှ တစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သော အရှည် ၁၅၄၀၀ ‌‌ပေ၊ အကျယ် ၅ ပေရှိ ကျောက် စီရေနှုတ်မြောင်းဖြစ်ပြီး ယနေ့ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်သည့် ရမ်ပူရပ်ကွက်တွင် ရေဝပ်မှု အများဆုံးဖြစ်သော နေရာတစ်ခုဖြစ်ကြောင်းနှင့် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တွင်းအဓိက ရေထုတ်မြောင်းကြီးများအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်ရေး စီမံထားရှိကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်