ကျိုက္ခမီမြို့ တိုက်နယ်ဆေးရုံတွင် ဝမ်းရောဂါဖြစ်ပွား နေ၍ဆေးကုသခံယူလျက်ရှိသည့် လူနာများ အား မွန်ပြည်နယ်ကူးစက်ရောဂါကာကွယ်ရေးဌာနမှ ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ်    မေ   ၂

မွန်ပြည်နယ်၊  သံဖြူဇရပ်မြို့နယ်၊  ကျိုက္ခမီမြို့တိုက်နယ်ဆေးရုံတွင် ဝမ်းရောဂါဖြစ်ပွားလျက်ရှိသည့် လူနာနှင့် ဆက်စပ်လူနာများအားမွန်ပြည်နယ် ကူးစက်ရောဂါ ကာကွယ်ရေးဌာနမှ မေ ၁ ရက်နေ့ နံနက်ပိုင်းတွင်လာရောက် ကြည့်ရှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဖြစ်စဥ်တွင် ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်တွင် ဝမ်းရောဂါဖြစ်ပွားလျက်ရှိသည့်   လူနာများအနက်   မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ၄ ဦး၊  ကျိုက္ခမီတိုက်နယ်ဆေးရုံတွင် ၁ ဦး    စုစုပေါင်း ၅ ဦး ဖြစ်ပွားလျက်ရှိရာ ပြည်နယ်ကူးစက်ရောဂါကာကွယ်ရေးဌာနမှ ဒေါက်တာသိမ့်အိသူ၊ မော်လမြိုင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မိုးသွယ်၊ သံဖြူဇရပ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်တို့မှ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တိုက်နယ် ဆေးရုံသို့သွားရောက်ပြီး၊ ဧပြီ ၃၀ ရက်နေ့တွင် ဝမ်းရောဂါဖြစ်ပွား၍ ဆေးရုံတက် ရောက်ကုသခံယူနေသည့် လူနာနှင့်ဆက်စပ်သည့် စောင့်ကြည့်လူနာများအား လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ကူးစက်ရောဂါကာကွယ်ရေး တာဝန်ခံနှင့်အဖွဲ့သည် ကျိုက္ခမီတိုက်နယ် ဆေးရုံတွင်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားအကျိုးဆောင် အဖွဲ့များနှင့်တွေ့ဆုံ၍ ဝမ်းရောဂါနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ကာ ဝမ်းရောဂါဖြစ်ပွားခဲ့သည့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်သို့ကွင်းဆင်းပြီး ရောဂါကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ခဲ့ကြောင်းသည်။

ထို့နောက်မွန်းလွဲ ၁ နာရီအချိန်တွင် ကျိုက္ခမီမြို့မြို့လယ်ဓမ္မာရုံ၌ ပြည်နယ်ကူးစက်တာဝန်ခံနှင့်အဖွဲ့၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး၊ သံဖြူဇရပ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့သည် ကျိုက္ခမီမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များ၊ ရေလုပ်သားအကျိုးဆောင်များနှင့်တွေ့ဆုံကာ အသိပညာပေးပြီး ကလိုရင်းဆေးပြားများ ပေးဝေခဲ့သည်။

အဆိုပါ ကျိုက္ခမီမြို့တိုက်နယ်ဆေးရုံတွင် ဧပြီလ ၃၀ ရက်နေ့က ပို့ဆောင်ထားသည့် စောင့်ကြည်လူနာ (၃၄)ဦးသာရှိပြီး ဆက်စပ်လူနာထပ်မံတိုးပွားလာမှုမရှိကြောင်းနှင့် စောင့်ကြည့် လူနာများမှာလည်း ထူးခြားမှုမရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)