ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းရေးနှင့် ယာဉ်ရပ်နားမှု စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန် မေ ၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းရေးနှင့် ယာဉ်ရပ်နားမှု စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများ၊ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ဆက်သွယ်ရေးကြိုးများနှင့် လျှပ်စစ်မီးကြိုးများကို မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ဆက်သွယ် ရေး ကုမ္ပဏီများမှ ပူးပေါင်း၍ ဆောင်ရွက်ရန်၊ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သည့် ပြည်လမ်းတစ်လျှောက် (Under Ground Cable Network) ချိတ်ဆက်မှုများသည် ကောင်းမွန်သဖြင့် ကမ္ဘာအေးဘုရားလမ်း၊ ဝေဇယန္တာလမ်းတစ်လျှောက် စီမံချက်အတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်၍ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် မြို့နယ်အလိုက် အကောင်အထည်ဖော်ရာတွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေးကွန်ယက် တိုးချဲ့တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်း ကော်မတီနှင့် ခရိုင်အဆင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ဖယ်ရှားရှင်းလင်းရေးအဖွဲ့များမှ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ တိုင်းဒေသကြီးအစိုးရ၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနများမှ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊ ဆက်သွယ်ရေးအော်ပရေတာလေးဦးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများအနေဖြင့် ဆောင်ရွက်မှုအားလုံးတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ လက်ရှိနိုင်ငံတကာတွင် သက်ရောက်မှုကြီးမားနေသည့် လောင်စာဆီအကြပ်အတည်း ဖြစ်ပေါ်မှုကို တစ်ဖက်တစ်လှမ်းမှ ဖြေရှင်းနိုင်ရေးအတွက် အော်ပရေတာအချင်းချင်း အရင်းအမြစ်များကို မျှဝေအသုံးပြုခြင်းဖြင့် ကွန်ယက်စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရေး မြှင့်တင်နိုင်မည့် နည်းလမ်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ရန်ကုန်မြို့ပေါ်တွင် မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ်မဝင်ရသော လမ်းများ၌ စည်းကမ်းမဲ့စွာ ဝင်ရောက်နေသော မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ်များအား စည်းကမ်းတကျ ရှိစေရေး ဆောင်ရွက်ရန်၊ အိပ်ဇောဖွင့် မော်တော်ယာဉ်များ၊ အုပ်စုဖွဲ့၍ ပြိုင်ကားပုံစံ မောင်းနှင်မှုများ၊ ယာဉ်ရပ်နားခွင့်မပြုသော နေရာများတွင် ရပ်နားထားသော ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းရေးနှင့် ယာဉ်ရပ်နားမှု စနစ်တကျ ရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

၎င်းနောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ခွင့်ပြုဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် အော်ပရေတာများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက  လုပ်ငန်းစဉ်များကို အသီးသီး ဆွေးနွေး ရှင်းလင်းတင်ပြခဲ့ကြ ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)