မိုင်းရှူး ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာ စီမံကိန်းနှစ်ပတ်လည် စီမံကိန်းလုပ်ငန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်းနှင့် အရွေးချယ်ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအုန်းတို့ကအမှာ စကားပြောကြားသည်။
ဆက်လက်၍ မိုင်းရှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဦးက မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် စီမံကိန်းကျေးရွာကော်မတီများ အုပ်စုဖွဲ့ပြီး စီမံကိန်းကျေးရွာရွေးချယ်ခြင်းနှင့် ရန်ပုံငွေထုတ်ချေးခြင်း၊ စီမံကိန်း ရန်ပုံငွေများ ဆုံးရှုံးမှ ုမဖြစ်ပေါ်စေရေးနှင့် သက်တမ်းတိုး ဆောင်ရွက်သည့် ကိစ္စရပ်များနှင့် စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲ ဖြတ်ခြင်းများ အဓိက ဆွေးနွေးသည်။
မိုင်းရှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို (၂၉)ယူနစ်၊(၄၇)ရွာတို့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ အဆိုပါကျေးရွာ(၄၇)ရွာတွင် ငွေကျပ်သန်း (၈၇၀) မတည်ခဲ့ပြီး အတိုးရငွေဖြင့် စီမံကိန်းလုပ်ငန်း (၉)ခုအား ငွေကျပ်သန်း(၅၃.၂)ဖြင့် ဆောင် ရွက်ခဲ့ပြီး ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)