ပုဇွန်တောင် မေ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၉)ရပ်ကွက်၊ ရေကျော်လမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားရာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်လဲပြိုမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးနှင့်ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသစ်ပင်လဲပြိုမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးဆုံးမှုမရှိကြောင်းနှင့် ယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်