ပုသိမ်ကြီး မေ ၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြိုနယ်၊ လက်သစ်ကျေးရွာအုပ်စု၊ လက်သစ်ကျေးရွာ၊ သုန္ဒရာမကျောင်းတိုက် ဇေတဝနဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးရွာနေ ပြည်သူများဖြင့်တွေ့ဆုံပွဲကျင်းပခဲ့သည်။
အဆိုပါ ကျေးရွာတွင် အစိုးရသစ်ကာလအတွင်း Quick Win လုပ်ငန်းအဖြစ် ရက်ပေါင်း (၁၀၀) အတွင်း ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး၊ ယာဉ်စည်းကမ်းလမ်းလိုက်နာစေရေး၊ ရပ်ရွာသန့်ရှင်း သာယာလှပစေရေး၊ ကျေးရွာမီးဘေးလုံခြုံစေရေးနှင့် ပြည်သူ့စစ်မှုထမ်း ကိစ္စများအား ပြည်သူများနှင့်အတူဆွေးနွေးညှိနှိုင်း၍ သိရှိလိုသည်များအားဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဆွေသန်း၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူ (၁၅၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို ပြန်/ဆက်