ငါန်းဇွန် မေ ၂
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်လွှတ်တော်ကိုယ်စာလှယ်များနှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က ငါန်းဇွန်မြို့ လောကနတ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဦးချင်းမိတ်ဆက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းက မြို့နယ်၏ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အချက်အလက်များနှင့် အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလအတွင်း မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက် မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူနှင့် ဦးစိုးမြတ်အောင်တို့က လွှတ်တော်သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ လွှတ်တော် တက်စဉ်ငါန်းဇွန်မြို့နယ်အတွက် တင်ပြခဲ့သည့် မေးခွန်းများ၊ လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားရှိမှု၊ လွှတ်တော်ကိုယ်စားလှယ်ထံသို့ တိုက်ရိုက်တင်ပြနိုင်မည့် Facebook Page ဖွင့်လှစ် ထားမည့် အခြေအနေ၊ ပြည်သူ့အကျိုးစီးပွားအတွက် ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ပြည်သူများ၏အခက်အခဲများ၊ တင်ပြချက်များအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းပေးနိုင်ရန် မြို့နယ်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း၍ ထိရောက်စွာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားပြီး ဧည့်ပရိတ် သတ်များမှ သိရှိလိုသည်များမေးမြန်းရာ ဦးမြတ်သူနှင့် ဦးလှမင်းတို့က အသီးသီးပြန်လည် ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာန ချုပ်မှထောက်ပံ့ပေးအပ်သော ပြည်သူ့စစ်နှင့် မိသားစုဝင်များအတွက် ဆန်အိတ်(၆၀)အိတ်အား ဗိုလ်မှူး မိုးမင်းဦးထံသို့ ပေးအပ်ခဲ့ပြီး ဦးမိုး(စစ်ရှောင်၊ ပြည်သူ့စစ်အဖွဲ့ဝင်)မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)