ဒဂုံဆိပ်ကမ်း မေ ၂
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော သက် တိုင်းရင်းသားတစ်မျိုးလုံး၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားသည့် သက်အမျိုးသားနေ့ကို နှစ်စဉ် မေလ (၁)ရက်နေ့တွင် ကျင်းပလျက်ရှိရာ စတုတ္တအကြိမ်မြောက် သက် အမျိုးသားနေ့ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၇)ရပ်ကွက်၊ သုခိတာလမ်းရှိ ဇောတိကာရုံကျောင်းတိုက်တွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သက်အမျိုးသားနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီ နာယက ဦးစံလှအောင်က သက် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၂၀)ဦးအား ပူဇော်ကန်တော့ခဲ့ကြပြီး အဘိုးအဘွား များကိုယ်စား အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာပို့သစကား ပြောကြားခဲ့ပြီးနောက် စတုတ္တအကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားဖြစ်မြောက်ရေးအတွက် သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များအား အလှူငွေများလှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းလောင်း၍ အမျှပေးဝေခဲ့ကြသည်။ စတုတ္တအကြိမ်မြောက် သက် အမျိုးသားနေ့ကို အပိုင်း(၂) ပိုင်းခွဲ၍ ကျင်းပခဲ့ရာ နေ့လယ်ပိုင်းတွင် သက်အမျိုးသားနေ့အထိမ်းအမှတ် သက်ဘာသာ စကားကျွမ်းကျင်မှု(အငယ်တန်း)ပြိုင်ပွဲ၊သက်ဘာသာစကားကျွမ်းကျင်မှု(အကြီးတန်း) ပြိုင်ပွဲတို့ကို ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ဆုရလူငယ်မောင်မယ်များအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းနှင့်၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော သက် တိုင်းရင်းသားလူမျိုး မောင်သက်ဘုန်းသျှန်အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး သိရသည်။
၂၀၀၆ ခုနှစ်၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သက်ကိုင်ညှာကျေးရွာတွင် ပြုလုပ်သည့် သက် လူမျိုးတို့၏ အစည်းအဝေး၌ မေလ (၁)ရက်နေ့ကို သက် အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး မျိုးနွယ်စုဝင်များအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်၊ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားတို့ကို ထိန်းသိမ်းနိုင်ရန်နှင့် နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် သက်အမျိုးသားနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပရခြင်းဖြစ်ကြောင်း သက်အမျိုးသားနေ့ပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)