မွန်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး မော်လမြိုင်လေဆိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

မော်လမြိုင် မေ ၂

မွန်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်လေဆိပ် သို့ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက လေဆိပ်လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုနှင့် လေဆိပ်မီးသတ်ဌာနလုပ်ငန်းဆောင်ရွက်နေမှု၊ လေဆိပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြည်တွင်း၊ ပြည်ပခရီးသွားများ ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် လေဆိပ်တာဝန်ခံနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်၊ လေဆိပ်အဆောက်အအုံအတွင်း ရောက်ရှိ/ ထွက်ခွာခရီးသည် များအတွက် လုံခြုံရေးအရစစ်ဆေးသည့်နေရာများ၊ လေယာဉ်စောင့်ဆိုင်းသည့်နေရာများ စနစ်တကျရှိစေရန်၊ ဝန်ထမ်းများအားလုံး လုံခြုံရေးအသိ/ သတိ/ အမြင်ရှိကြစေရန်၊ လေဆိပ်မီးသတ်ဌာနအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှု စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လုံခြုံစိတ်ချစွာ ဆင်း/တက်ပျံ သန်းနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန်၊ တပ်ဆင်ထားသည့်လေကြောင်းဆိုင်ရာ အထောက်အကူပြု စက်ကိရိယာများ အစဉ်ကောင်းမွန်နေရန်မှာကြားပြီး ဆောင်ရွက်ထားသည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် မွန်ပြည်နယ်လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)