ချမ်းအေးသာစံ မေ ၂
မေလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင် ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။
၎င်းနောက်တိုင်းဒေသကြီးအလုပ်သမားအဖွဲ့အစည်းမှကိုယ်စားလှယ်တစ်ဦးက အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တက်ရောက်လာကြသူများက အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ Video Clip ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)