ထန်းတပင်မြို့နယ်၌ တောင်သူများအားစပါးခေါင်နှံဖြင့် မျိုးကောင်းမျိုးသန့်ရွေးချယ်ထိန်း သိမ်းနည်းများလက်တွေ့ပြသ

ထန်းတပင်(ရန်ကုန်)   မေ   ၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား အချိန်အတိုအတွင်းလိုအပ်သည့် စပါးမျိုးပမဏများကို မြန်မြန်ဆန်ဆန်ရရှိနိုင်ရန်အတွက် စပါးခေါင်နှံဖြင့် မျိုးကောင်းမျိုးသန့်ရွေးချယ် ထိန်းသိမ်းနည်းလက်တွေ့ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ရေပေါ်သောင်ကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံနှင့် ခရိုင်မျိုးစေ့တာဝန်ခံတို့က ဒေသခံတောင်သူများအား စပါးခေါင်နှံဖြင့်မျိုးကောင်းမျိုးသန့်ရွေးချယ်ထိန်း သိမ်းနည်းများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြပြီးမြို့နယ်ဦးစီးမှူး ဦးစောဝင်းကို ကစပါးအထွက်နှုန်းတိုးတက်စေရေး နည်းလမ်းများကိုအသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ရေပေါ်သောင်ကျေးရွာတောင်သူ ဦးကျော်ခိုင်၏ ဆင်းသုခစိုက်ခင်းတွင်   ဒေသခံတောင်သူများအား လက်တွေ့ခေါင်နှံကောက်ယူကာ မျိုးကောင်းမျိုးသန့်ရွေး ချယ်ထိန်းသိမ်းနည်းများကို အသိပညာပေးပြသပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)