လဲချား မြို့နယ်တွင် စားသုံးရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများစစ်ဆေး

လဲချား ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးသူများ အကာအကွယ်ပေးရေးအတွက် မိတ်ဖက် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အတွင်းရှိ ဈေးဆိုင် များ၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေး၍ စားသုံးရန် မသင့်သည့် လူသုံးကုန် ပစ္စည်းများအား စစ်ဆေး သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီဌာနမှ ဒေါက်တာ အောင်စိုးမင်း၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇင်မောင်နွယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်ပြီး မြို့နယ်အတွင်းရှိ စားသောက်ကုန် ပစ္စည်းများ ရောင်းချသည့် ဆိုင်များ၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များအား လိုက်လံစစ်ဆေးကာ သတ်မှတ်ထားသော စားသုံးရန်မသင့်သည့် စားသုံးကုန်များ ဖြစ်သည့် သက်တမ်းလွန် အချိုရည်၊ ခေါက်ဆွဲထုပ်၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆဘူးစသည့် ကုန်ပစ္စည်းများကို စစ်ဆေး သိမ်းဆည်း ခဲ့ကြကြောင်း သိရသည်။

စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးအတွက် မြို့နယ်အတွင်းရှိ ဈေးဆိုင်ခန်းများ၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များမှ သိမ်းဆည်းလာသော စားသောက်ကုန် ပစ္စည်းများအား ဖျက်စီးပစ်ခဲ့ပြီး ကျန်းမာရေးထိခိုက်စေမည့် ဆိုးဆေးများ အကြောင်း၊ အန္တရာယ်ကင်းသော အစားအစာ ရရှိရေးအတွက် ဆောင်ရွက်ရမည့် အချက်များ ပါဝင်သော လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)