မိုးညှင်း မေ ၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက သာယာကုန်းခေတ်မီစံပြကျေးရွာရှိ အောင်စည်သာ ယာခန်းမ၌ ကျင်းပသည်။
ဦးစီး ဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်းက ကျေးလက်နေ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ကျေးလက်ဦးစီးဌာနမှ နှစ်စဉ်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဦးစီးဌာန၏ ရည်မှန်းချက်ပန်းတိုင်အတိုင်း ကျေးလက်နေပြည်သူများမှ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး၍ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ကျေးရွာနေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မိတ်ဆက် ရှင်းလင်းပြောကြားကာ သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်မှသက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းသူများအား အသီးသီး ပေးအပ်ကြပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မေလ(၁)ရက်မှ ဇွန်လ(၁၄)ရက်အထိ တစ်လခွဲကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ထို့တူ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်းကိုကိုက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီးနောက် တက်ရောက်လာကြသူများနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း