ပူတာအို မေ ၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်အကြောင်း ဩဝါဒခံယူခြင်း၊ ဗုဒ္ဓဆင်းတုတော်ဖြင့် ဗုဒ္ဓနေ့အခမ်းအနားကို မြို့တွင်းသို့ လှည့်လည်ပူဇော်ခံခြင်းနှင့် ညောင်ရေသွန်းပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်/မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံဗုဒ္ဓဘာသာဝင်တိုင်းခမ်းတီရှမ်းများက တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော်ထံမှ ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်း ဩဝါဒခံယူကြပြီး ညနေ(၃)နာရီတွင် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ပူတာအိုခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံတိုင်းခမ်းတီရှမ်း ဗုဒ္ဓဘာသာဝင်များက တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်မှ လေယာဉ်ကွင်းရုပ်တုအထိ အသွားအပြန် ဗုဒ္ဓဆင်းတုတော်ဖြင့် ဗုဒ္ဓနေ့အခမ်းအနားကို မြို့တွင်းသို့ လှည့်လည်ပူဇော်ခံကြသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်ဇနီး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များက တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့်အပြင် ကျောင်းတိုက်အတွင်း အခမ်းအနားတက်ရောက်လာသည့် ဧည့်ပရိတ်သတ်အပေါင်းအား စတုဒိသာကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)