ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များနှင့် ရပ်ကွက်စာကြည့်တိုက် ကော်မတီဝင် များ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီဝင်များနှင့် ရပ်ကွက် စာကြည့်တိုက် ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့် အညီ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါ်ဝင်းဝင်းကျော်က မြို့နယ်အတွင်းမှာရှိသည့် စာကြည့် တိုက် များအား အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက်သည့် စာကြည့်တိုက်များ ဖြစ်စေရေး၊ စာဖတ်ပရိသတ်တိုးပွားရေး၊ စာကြည့်တိုက်များ ရေရှည်ရှင်သန် ခိုင်မာရေးအတွက် မြို့နယ် စာကြည့်တိုက် ကြီးကြပ်မှု ကော်မတီဝင်များနှင့် ရပ်ကွက် စာကြည့်တိုက် ကော်မတီဝင်များတွေ့ဆုံ၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ဇာခြည်စိမ့်က မြို့နယ်အတွင်း ရပ်ကွက် စာကြည့်တိုက်(၆)ခုရှိပြီး၊ မြို့နယ်စာကြည့်တိုက်‌များ ကြီးကြပ်ရေး ကော်မတီမှ အဆိုပါ စာကြည့်တိုက်များအား တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေး‌ ကော်မတီသို့ တရားဝင်မှတ်ပုံတင် လျှောက်ထားပေးမည်ဖြစ်ကြောင်း၊ ရပ်ကွက်စာကြည့်တိုက်များအနေဖြင့် စာကြည့်တိုက် မှတ်ပုံတင်လျှောက်လွှာများကို ပြည့်စုံစွာ ဖြည့်စွက်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးသို့ ပေးပို့ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ဆွေးနွေးပွဲ တက်ရောက်လာသည့် စာကြည့်တိုက်ကော်မတီ ဝင်များက စာကြည့်တိုက် လုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီဝင်များက ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)