တနိုင်း မေ ၁
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ အေးသုခရပ်ကွက် ချမ်းမြေ့ရွှေပြည်ကျောင်းတိုက်တွင် "ချမ်းမြေ့ရွှေပြည်" RC နှစ်ထပ်ကျောင်းဆောင်တော်ကြီး၏ ပန္နက်တော်တင်မင်္ဂလာနှင့် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားကို တက်ရောက်လာသူများက နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကာ ချမ်းမြေ့ရွှေပြည်ကျောင်းတိုက် ပြည့်ဝချမ်းသာဆရာတော်ထံမှ ငါးပါသီလ ခံယူဆောက်တည်ပြီး အနုမောဓနာတရားနာကြားကာ လှူဖွယ်ဝတ္ထုများနှင့် ရွှေပန္နက်တံများ ကပ်လှူခဲ့ကြသည်။
ထို့နောက် အလှူရှင်များက ကျောင်းအလှူတော်ငွေ ကျပ်သိန်း (၂၅၀၀) လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေပြီး သတ်မှတ်ထားသော မြေနေရာသို့ သွားရောက် ၍ ပန္နက်တင်၊ ပန္နက်ရိုက်မင်္ဂလာကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ဖုန်းအောင်၊ တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တနိုင်း(ပြန်ဆက်)