ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဘောလုံးပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား တွေ့ဆုံ၊ စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ     မေ ၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဓညဝတီအားကစားခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား U-18 ဘောလုံးပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမား များအားတွေ့ဆုံပြီးလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကာ စစ်တွေမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်အဖွဲ့သည် ဓညဝတီအားကစားခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား U-18 ဘောလုံးပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမား များအားတွေ့ဆုံပြီး ပြိုင်ပွဲများတွင် ရိုးရိုးသားသား၊ ကြိုးကြိုးစားစားဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားကြရန်၊ ဇွဲလုံ့လကိုအရင်းခံပြီး အားကစားစိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြရန် အားပေးစကားပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမား လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ရှိ ပြည်နယ်အစိုးရအဖွဲ့သိုလှောင်ရုံတွင် ဆန်နှင့်အခြေခံစားသောက်ကုန်များ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့်  ထောက်ပံ့ပစ္စည်းများ သိုလှောင်ထားရှိမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က ပစ္စည်းများပျက်စီးမှုမရှိစေရေး၊ အလေအလွင့်မရှိ စေရေးစနစ်တကျကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန သိုလှောင်ရုံ တည်ဆောက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံက လိုက်လံရှင်းလင်းပြသသည်။ ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးရေး စနစ်တကျဆောင်ရွက်သွားကြ ရန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံး၌ ကူညီကယ်ရေးပစ္စည်းများ  သိုလှောင်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကုမ္ပဏီများမှ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကုမ္ပဏီများအနေဖြင့် ရခိုင်ပြည်နယ်တွင် ယခင်ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၏ အားနည်းချက်အားသာချက်များ၊ ယခုဆောင်ရွက်နိုင်မည့်အခြေအနေများအား မြေပြင်အခြေအနေများကို ကွင်းဆင်းလေ့လာကာ စနစ်တကျမီးလင်းနိုင်ရေး ဆောင်ရွက်မည့်အစီအမံကို ရှင်းလင်းတင်ပြပေးကြရန် ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဆိုလာကုမ္ပဏီများက မီးလင်းရေးအတွက် ဆောင်ရွက် နိုင်မည့်အစီအမံများအား အဆိုပြုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပေးပြီး ကုမ္ပဏီများမှ ခင်းကျင်းပြသထားသော ဆိုလာမီးများအား လှည့်လည်ကြည့်ရှုခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ဧပြီလ ၃၀ ရက်နေ့နေ့လယ်ပိုင်းက ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စစ်တွေမြို့၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိုးရာသီတွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် ရေဝပ်သော ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန် စေရေးအတွက် မြို့တွင်းအုတ်ရေမြောင်းများအား မိုးမကျမီကာလတွင် ရှင်းလင်းတူးဖော်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ စစ်တွေမြို့ပေါ်ရှိ အဓိကချောင်းများကို ရေစီးရေလာကောင်းမွန်စေရေး တူးဖော်သွားကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် မြို့၏ရေထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေးနှင့် မြို့ပေါ် ရပ်ကွက်ရှိ ရေမြောင်းများရေစီးရေလာကောင်းမွန်ရေး တူးဖော်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ဦးကျော်မိုးက စစ်တွေမြို့၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေထွက်ပေါက်များ တူးဖော်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည်  စစ်တွေမြို့၊ ခဝါသည်ချောင်းနှင့် သမ္ဗာန်ချောင်း ရေစီးရေလာ ကောင်း၍သန့်ရှင်းစေရေး တူးဖော်ပြီးစီးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘက်စုံသုံးဆိပ်ကမ်းရေထွက်ပေါက်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆပ်ကမ်း ရေထွက်ပေါက်၊ ဘီအိုစီရေထွက်ပေါက်၊ ကုန်သွယ်လယ်ယာရှေ့ ဆင်ကူးလမ်းရေထွက်ပေါက်၊ ကသဲတံတားရေထွက်ပေါက်နှင့် ပညာရေးမှူးရုံရှေ့ မေယုလမ်း ရေထွက်ပေါက်များအား တူးဖော်ပြီးစီးနေမှုနှင့် ဆက်လက်တူးဖော်နေမှုများကို  လှည့်လည်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေး စေတနာထားကာ ဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဗာကြီးလမ်းတွင် လမ်းဘေး ဝဲ/ယာ ရေမြောင်းများ သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် လိုအပ်သည့်ရေမြောင်းများ တူးဖော်နိုင်ရေး သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)