မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မုဒုံမြို့နယ် မြန်မာမှု (ပန်းပုလုပ်ငန်း)နှင့် ရက်ထည်လုပ်ငန်း ကြည့်ရှုအားပေး၊ မုဒုံမြို့နယ်ပြည်သူ့ ဆေးရုံ၊ RC (၁)ထပ် စံကိုက်ခွဲစိတ်ခန်း အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် မေ ၁

မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်း (၁၀) မျိုး အတတ်ပညာကို ယဉ်‌ကျေးမှု အမွေတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှာက် လက်ဆင့်ကမ်း  လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည်သည် မေလ ၁ ရက်နေ့၊ နံနက်ပိုင်းက မုဒုံမြို့နယ် မြို့မ ၄ ရပ်ကွက်၊ ကျုံဖိုက်တံတားအနီးရှိ သိန်းသန်း မြန်မာမှု (ပန်းပုလုပ်ငန်း) သို့ရောက်ရှိပြီး အဆိုပါ ပန်းပုလုပ်ငန်းတွင် သစ်သားဖြင့် ဗုဒ္ဓရုပ်ပွား တော်မြတ်များ၊ ဇတ်နိပါတ် ရုပ်လုံးရုပ်ကြွများ၊ အသုံးအဆောင် ပန်းပုလက်မှု ပစ္စည်းများ ထုဆစ်လုပ်ကိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အတတ်ပညာများကို ထိန်းသိမ်း စောင့်ရှောက်ပြီး နောင်လာနောက်သားအထိ လက်ဆင့်ကမ်းအမွေပေးနိုင်ရေး အစဉ်တစိုက် ဆောင်ရွက်ပေးသွားကြရန်၊ ပန်း (၁၀) မျိုးအတတ်ပညာဖြစ်သော မြန်မာ့မှုပန်းပုလုပ်ငန်း ရေရှည် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်ဖြင့် မှာကြားကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့မ(၁)ရပ်ကွက်ရှိ ဒေါ်တင်နွှဲ့ရီ၏ ရက်ထည်လုပ်ငန်းသို့ ရောက်ရှိပြီး  ရက်ကန်းစင်များပေါ်တွင် ကရင်ရိုးရာအဆင်ဒီဇိုင်းများအား ရက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရင်းနှီးမြှုပ်နှံမှု၊ ဈေးကွက်ရရှိမှုနှင့် အထည် အလိပ်များ ထုတ်လုပ်နိုင်မှုအခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အသေးစားစက်မှုလက်မှုလုပ်ငန်းများစုဖွဲ့၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသထွက် ထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အရင်းမပျောက် ပုံမှန်လည်ပတ်ငွေဖြင့် မတည်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မုဒုံမြို့နယ်ပြည်သူ့ ဆေးရုံ၊ RC (၁)ထပ် စံကိုက်ခွဲစိတ်ခန်း အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှင့် လူမှူရေးရာဝန်ကြီးတို့က RC တစ်ထပ်စံကိုက်ခွဲစိတ် အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်ကမ္ဗည်း မော်ကွန်းကြေးပြားအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမွှေးနံသာရည်များ ပက်ဖျန်းပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စံကိုက်ခွဲစိတ်ခန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မုဒုံပြည်သူ့ဆေးရုံတွင် တက်ရောက်နေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍  စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)