ပင်းတယ ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းပွဲ အခမ်း အနားကို ယနေ့နံနက် (၁၀) နာရီကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော် က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသစ်ပြင်ဆင်ခဲ့သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ အသစ်ပြန်လည်ရွေးချယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြ ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ပင်းတယမြို့နယ် အတွင်း ရပ်ကွက်(၁၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုရှိ အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ရေး လုပ်ငန်းစဉ်များ၌ ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သည့် မြို့နယ်ကြီးကြပ်ရေးဖွဲ့ ဇုန်(၅)ဇုန်ခွဲခြား သတ်မှတ် ၍ အုပ်စုခွဲများကိုလည်း ဖွဲ့စည်း ဆောင်ရွက်ထားပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပပြုလုပ်သည့် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းပွဲ အခမ်းအနားသို့ ရပ်ကွက်(၁၃) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ(၂၇) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပင်းတယ)