မိုးနဲ ဧပြီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့အတွင်းရှိ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ အရောင်းဆိုင်များ၌ အရည်အသွေးနိမ့် ဓာတ်မြေဩဇာများ ရောင်းချနေမှု ရှိ/မရှိ ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြပါဝင်သည့်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ရောင်းချနေသော လယ်ယာမြေသုံး သွင်းအားစု ၊အရည်အသွေးနိမ့် မြေဩဇာများ ပြန်လည်ထုပ်ပိုးပြီး အတုများပြုလုပ်၍ ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ ဈေးကွက် အတွင်းရောင်းချနေသော ဓာတ်မြေဩဇာများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်း ရှိ/မရှိကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်အတွင်း သက်ဆိုင်ရာဌာနများက တားမြစ်ပိတ်ပင်ထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများသာ တင်သွင်းရောင်းချရန်၊ တောင်သူများ ဘေးကင်းလုံခြုံ မှုရှိစေရန်၊ သုံးစွဲပုံအညွှန်းအား မြန်မာစာဖြင့် တိတိကျကျဖော်ပြထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးများသာ ရောင်းချကြရန် လုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)