ကျောက်ပန်းတောင်း ဧပြီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ်၌ အစိုးရသစ်လက်ထက် ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရံထုတ်ပေးနိုင်ရေးအတွက်၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံပွဲကို၊ ဧပြီ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ဘဲများကျေးရွာအုပ်စု ပိန္နှဲတောကျေးရွာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကော်လိတ္တော်အရာရှိ၊ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုက အစိုးရသစ် လက် ထက် ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရံ ချထားပေးမည့် အစီအစဉ်များနှှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ လက်ထောက် ကော်လိတ္တော်အရာရှိ၊ ကျောက်ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျောက်ဒိုးက ကျေးရွာအခြေအနေများနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာပြည်သူများမှလည်း စီမံချက်လုပ်ငန်းစဉ်အား ဝမ်းပန်းတသာဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော် မင်းညို နှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကျေးရွာအတွင်း လှည့်လည်ကြည့်ရှု၍ လမ်းမြေတိုင်းတာခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြသည်။
အဆိုပါ ရက်(၁၀၀)စီမံချက်ဖြင့် မြေငှားဂရံချထားပေးမည့် လူထုတွေ့ဆုံပွဲသို့ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုနှင့် ခရိုင်ဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဝင်းမြင့်နှင့် ဦးနေလင်းတို့တက်ရောက်ခဲ့ကြပြီး၊ ဒေသခံကျေးရွာပြည်သူ ၁၅၆ ဦးတက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)